Skip to main content

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့်ဇနီး ထိုင်းရိုးရာသင်္ကြန်ပွဲတော် ၂ဝ၂၆ (Songkran Festival 2026) သို့ တက်ရောက်

ရန်ကုန် ဧပြီ ၁၉

ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးကကျင်းပသည့် ထိုင်းရိုးရာသင်္ကြန်ပွဲတော် ၂၀၂၆ (Songkran Festival 2026) အခမ်းအနားကို ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့်ဇနီး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Yordying Sypasri နှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့်ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ထိုင်းနိုင်ငံသံရုံးမှသံရုံးယာယီတာဝန်ခံ Mr. Yordying Supasri က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Kallayana Vipattipumiiprates က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက နှုတ်ခွန်းဆက်စကားပြောကြားပြီး မင်္ဂလာမောင်းသုံးချက် တီးခတ်၍ အခမ်းအနားကိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်နှင့် အခမ်းအနားသို့တက်ရောက်လာသည့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး မြန်မာ၊ ထိုင်းရိုးရာယဉ်ကျေးမှုအဖွဲ့တို့က အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ခင်းကျင်းထားသော ထိုင်းရိုးရာစားသောက်ဆိုင်များကို လှည့်လည်ကြည့်ရှုကြသည်။    

သတင်းစဉ်