Skip to main content

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့အတွက် နှစ်သစ်ကူး ဩဝါဒကထာ

အားလုံးမင်္ဂလာပါ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူနိုင်ငံသားတွေအားလုံး ဘေးအန္တရာယ်တွေ ကင်းစင်ပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒပြည့်ကြပါစေ။ 

သင်္ကန္တ-သင်္ကြန်ကာလကို လွန်မြောက်ပြီး နှစ်ဆန်းတစ်ရက်နေ့ ရောက်လာတဲ့အခါ သင်္ကြန်ဆိုတာ ပြောင်းလဲ၊ ပြောင်းလဲနေတာသင်္ကြန်ပဲ။ အချိန်ကာလက ပြောင်းလဲနေတယ်။ ဒီနေ့ပြောလိုတာက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုတာလည်း တိုင်းဒေသကြီး၊ ပြည်နယ်တွေစုပေါင်းထားတယ်၊ ခရိုင်တွေစုပေါင်းထားတယ်၊ မြို့နယ်တွေ စုပေါင်းထားတယ်၊ ရပ်ရွာတွေစုပေါင်းထားတယ်၊ မိသားစုတွေ စုပေါင်းထားတယ်။ မိသားစုထဲမှာ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးဆိုတဲ့ အရွယ်မျိုးစုံစုပေါင်းထားကြတယ်။ တစ်နေ့တစ်ရက်အနေနဲ့ကတော့ အချိန်ကုန်ပြီး သင်္ကန္တပြောင်းလဲနေတာဟာ သင်္ကြန်အခါပါပဲ။

သင်္ကြန်အခါ လွန်မြောက်တဲ့အချိန်မှာ အသိတရားလေးတစ်ခုက ဖြစ်စေပါတယ်။ လူငယ်ဘဝကနေပြီး လူရွယ်ဘဝကို ကူးပြောင်းတာ၊ လူရွယ်ဘဝမှလည်း လူလတ်ဘဝကို ကူးပြောင်းတာ၊ လူလတ်ဘဝကနေ လူကြီးဘဝကိုကူးပြောင်းတာ။ ဒါက သဘာဝအမှန်တရားပါပဲ။ လူငယ်ဆိုတာ အတတ်ပညာ၊ အသိပညာတွေ နုနယ်ငယ်သေးတော့ တတ်သထက်တတ်အောင်၊ သိသထက်သိအောင် သင်ယူရမယ်ဆိုတဲ့ဆန္ဒ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ကြိုးစားကြတယ်။ လူရွယ်ဖြစ်လာတဲ့အခါကျတော့ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ရည်ရွယ်ချက်ကို ဝီရိယဣဒ္ဓိပါဒ်နဲ့ အကောင်အထည်ဖော်ရတယ်။

လူရွယ်ကနေ လူလတ်ဖြစ်လာတဲ့အခါကျတော့ မိသားစုတစ်ခုမှာအဖွဲ့အစည်းမှာ၊ နိုင်ငံမှာ၊ လစ်လပ်နေတဲ့ နေရာရှိခဲ့ရင် အဲဒီနေရာကိုကိုယ်ကဝင်ပြီး တာဝန်ယူနိုင်ရမယ်။ လူငယ်တုန်းက သင်ယူလေ့လာခဲ့တာတွေ၊ လူရွယ်မှာ ရည်ရွယ်ချက် အကောင်အထည်ဖော်တာတွေ၊ အဲ့သလိုအတွေ့အကြုံတွေ ရင့်ကျက်လာတဲ့အခါမှာ လူလတ်ဘဝကျတော့ လိုအပ်နေတဲ့ ကွက်လပ်ကိုဖြည့်နိုင်ရမယ်။ ဒါက အသိဉာဏ်ပညာရင့်ကျက်လာတာ။ လူငယ်ကနေပြောင်း လူရွယ်ဖြစ်၊ လူရွယ်ကနေပြောင်း လူလတ်ဖြစ်၊ လူလတ်ကနေပြောင်းပြီးတော့ လူကြီးဖြစ်လာတဲ့အခါကျတော့ စိတ်ဓာတ်တွေက ကြီးမားမြင့်မြတ်လာတယ်။

အဲဒီတော့ ကိုယ်တတ်ထားသမျှ သိထားသမျှတွေ ပညာရပ်တွေအကုန်လုံးကို ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံကို နောက်မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းသင်ပေးရမှာက လူကြီးတွေလုပ်နိုင်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့အလုပ်ကြီးပဲ။ ဒါကြောင့်မို့ သင်္ကြန်ကိုလွန်မြောက်လို့ အခုလိုနှစ်ဆန်းတစ်ရက် အခါသမယမှာ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးအသီးသီးတွေအနေနဲ့ မိမိတို့က ဘယ်အရွယ်မှာရောက်နေနေ၊ အဲဒီအရွယ်အားလျော်စွာရှိတဲ့တာဝန် ထမ်းဆောင်ရမယ့် ဝတ္တရားလေးမျိုးလုံးကို ဣဒ္ဓိပါဒ်တန်ခိုးလေးပါးနဲ့ တာဝန်ကျေပွန်စွာ ဆောင်ရွက်မယ်ဆိုရင်အိမ်တိုင်း အိမ်တိုင်းကြီးပွားတိုးတက်ပါတယ်၊ အဖွဲ့အစည်းတိုင်းကြီးပွားတိုးတက်ပါတယ်၊ တစ်ဆင့်နဲ့တစ်ဆင့် တစ်နိုင်ငံလုံးလည်း ကြီးပွားတိုးတက်ပါတယ်။ 

ယနေ့ မြန်မာ့နှစ်ဆန်းတစ်ရက် ၁၃၈၈ ခုနှစ် နှစ်ကူးအစမှစ၍ အိမ်တိုင်း၊ လူတိုင်း၊ မြို့တိုင်း၊ တိုင်းပြည်ကြီး တစ်ခုလုံးကြီးပွားတိုးတက်အောင်မြင်အောင် ဆုတောင်းဆန္ဒပြုရင်းနဲ့ အေးချမ်းဖို့မေတ္တာပေးလိုက်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာကြီးပွားတိုးတက်အောင်မြင်ကြပါစေ။