၁၃၈၇ ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၈ ခုနှစ်ဟု ဆိုအပ်သော နှစ်သစ်မင်္ဂလာသို့ ရောက်ရှိသည့်အချိန်အခါမှစ၍ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့၊ ယခုကဲ့သို့ မင်္ဂလာရှိသော နှစ်သစ်အခါသမယတွင် ဘုန်းကြီးတို့၏ နိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော သူတော်စင်ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား မေတ္တာ၊ ကရုဏာ၊ မုဒိတာ ၊ ဥပေက္ခာ ဟူသော ဗြဟ္မာတို့၏ နေခြင်းတရားလေးပါး၊ တစ်နည်းအားဖြင့် အရိယာတို့၏ နေခြင်းတရားလေးပါးဖြင့် မင်္ဂလာရှိကြပါစေကြောင်း ရှေးဦးစွာ နှုတ်ခွန်းဆက်ကောင်းချီးမင်္ဂလာပြုပါသည်။
ဘုန်းကြီးအနေဖြင့် ပရိသတ်အပေါင်း သူတော်ကောင်းတို့အတွက် နှစ်ဟောင်းကိုနှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ဓမ္မလက်ဆောင် အနည်းငယ်ပေးသွားမှာပါ။
ယနေ့သည် နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်နှစ်ကို ကြိုဆိုသည့် ထူးခြားသည့်အချိန်အခါသမယလည်းဖြစ်ပါသည်။ ဘုန်းကြီးတို့ကော၊ ဒို့ဒါယကာ၊ ဒါယိကာမတို့ပါ ဖြတ်သန်းနေကြရသည့် လူသားတို့၏ဘဝတွင် ကာလဟူသော “အချိန်”သည် အလွန်တန်ဖိုးကြီးမားလှပါသည်။ ကုန်ပြီးသမျှ အချိန်ဟူသမျှ ပြန်မရနိုင်သော အရာတစ်ခုဖြစ်ကြောင်း လေးလေးနက်နက် စဉ်းစားသင့်ကြပါသည်။ ဘုရားရှင်၏ ဒေသနာမှာတော့ “ကာလောဃသတိဘူတာနိ၊ သဗ္ဗာနေဝသဟတ္တနာ။ ယောစကာလဃသော ဘူတော၊ သဘူတ ပစန်ပစိ” လို့ ဇာတကပါဠိတော်မှာ လာပါသည်။ အဓိပ္ပာယ်အနေနဲ့ အချိန်ကာလတရားဆိုတာ မိမိနဲ့အတူအားလုံးကို တိုက်စားသွားနေသည်တဲ့။ ဒါကို အဖြောင့်ပါဠိအနေနဲ့ “ကာလော ဂစ္ဆတိ၊ အာယု ခီယတိ” လို့လည်း သတိပေးတော်မူကြပါသည်။ ဒီအချိန်သည် တဖြည်းဖြည်းလျော့လျော့သွားသည်တဲ့။ အသက်လည်း တစ်နေ့တစ်နေ့ တရွေ့ရွေ့ကုန်ဆုံးသွား ကြီးကြီးလာနေသည်တဲ့။ မိမိတို့အသက်ထင်ရှားရှိစဉ် အချိန်မနှောင်းခင် လောကဓမ္မအကျိုးများ တိုးပွားအောင်ဆောင်ရွက်ရန် အသိ၊ သတိပေးခြင်းဖြစ်သည်။
ဤကဲ့သို့ အချိန်၏ သတ္တဝါတို့အား မစောင့်တတ်သည့် သဘောသဘာဝကို နားလည်ဆင်ခြင်တတ်သည့်အခါ ယခုကဲ့သို့ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုသည့် အချိန်ကာလအတွင်းဝယ် “ဘဝကို မည်သို့ အသုံးချမလဲ” ဟု ပြန်လည်စဉ်းစားရပါမည်။
နှုတ်ဆက်သည့် နှစ်ဟောင်းအတွင်း ဖြတ်သန်းခဲ့ကြသည့် အပြုအမူများကို ပြန်လည်သုံးသပ်ကြည့်သောအခါ မကောင်းမှုများကို ပြုလုပ်ခဲ့မိကြသလား၊ မိဘဆရာသမား၊ မိသားစုများ၊ မိတ်ဆွေသင်္ဂဟများကို စိတ်မကောင်းဖြစ်စေခဲ့သလား၊ ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်ခြင်းရှိခဲ့ရဲ့လား စသည်ဖြင့် စဉ်းစားဆင်ခြင်၍၊ အကယ်၍ နှစ်ဟောင်းအတွင်းလိုအပ်ချက်များ ဖြည့်ဆည်းရမည်။ မကောင်းမှုလုပ်ခဲ့ပါက နောင်တရစရာများ ရှိခဲ့ပါက ကိုယ့်ကိုယ်ကိုယ်မညှာ တမ်းပြင်ဆင်ရမည်ဖြစ်ပါသည်။
နှစ်ဟောင်းအတွင်းကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သူအချင်းချင်း မေတ္တာတရားနှင့် ဖြတ်သန်းခဲ့သည်။ အချင်းချင်း ခန္တီတရားဖြင့်သည်းခံနိုင်ခဲ့သည်ဟု စဉ်းစားဆင်ခြင်နိုင်ခဲ့ပါက ဤကောင်းမှုများကို နှစ်သစ်တွင် ပို၍လုပ်ဆောင်နိုင်ရန် ကြိုးစားရမည်။ ဤနေရာမှာ ဘုရားရှင်ကိုယ်တော်တိုင်ဆုံးမလေ့ရှိသော ဂါထာလေးဖြင့် နှစ်သစ်ဓမ္မလက်ဆောင်ကို ပေးချင်ပါသည်။
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿပ သမ္ပဒါ။
သစိတ္တပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿအကရဏံ- မကောင်းမှု အားလုံးကိုမပြုလုပ်ခြင်း။
ကုသလဿဥပသမ္ပဒါ- ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း။
သစိတ္တပရိယောဒပနံ- မိမိစိတ်ကိုဖြူစင်အောင် သန့်ရှင်းစေခြင်းတို့ဖြစ်သည်။ ဒီနေ့မှစ၍ နှစ်သစ်အတွက် လက်တွေ့ကျင့်သုံးနိုင်ရန် -
၁။ မကောင်းမှုမှရှောင်ကြဉ်ရာတွင် ယခုဖြစ်ပျက်နေသည့် လိမ်လည်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မုန်းတီးခြင်း၊ လောဘဒေါသများ နည်းပါးအောင်ကျင့်ကြံ၍ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြရန် ကြိုးစားကြရပေမည်။
၂။ ကောင်းမှုတိုးပွားစေခြင်းအတွက် ဒါန-လှူဒါန်းခြင်း၊ သီလ-ကိုယ်နှင့်နှုတ် စည်းကမ်းထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဘာဝနာ- မိမိစိတ်ကို သိမ်မွေ့အောင် အလေ့အထလုပ်ခြင်းတို့ဖြင့် ဖြတ်သန်းကြရန်ဖြစ်သည်။ အထူးသဖြင့် နှစ်ကူးအခါသမယတွင် မဖြစ်မနေပွားများစေချင်သည့်တရားမှာ မေတ္တာဘာဝနာဖြစ်သည်။ မေတ္တာဘာဝနာတစ်ခုကို ပွားများဖြစ်သည်နှင့် ကျန်သည့် ဗြဟ္မဝိဟာရ တရားများလည်း အလိုလိုကိစ္စပြီးမြဲဖြစ်သည်။
၃။ စိတ်ကို ဖြူစင်စေခြင်း၊ သန့်ရှင်းစေခြင်းအတွက် စိတ်ကောင်းစိတ်မြတ်များ မွေးမြူရေးပင်ဖြစ်သည်။ မေတ္တာစသော ဗြဟ္မဝိဟာရတရားနှင့် ဖြတ်သန်းလေသောစိတ်သည် ဖြူစင်နေမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုနှစ်သစ်နေ့မှစ၍ အသစ်စတင်သည့် အချိန်အခါကို အခွင့်အရေးတစ်ရပ်သဖွယ် အသုံးပြု၍ မကောင်းမှုလျော့နည်းအောင်၊ ကောင်းမှုတိုးပွားအောင်၊ စိတ်ကိုသန့်ရှင်းအောင် လေ့ကျင့်နိုင်ကြပါစေ။ နောက်ဆုံးအနေဖြင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ၊ လိုအင်ဆန္ဒပြည့်ဝကြပါစေ၊ တရားထူးတရားမြတ်များ ပြည့်စုံအောင်ကျင့်ကြံနိုင်ကြပါစေ။
မြန်မာနိုင်ငံတော်သူ၊ နိုင်ငံတော်သားအားလုံး -
မင်္ဂလိကာ သုခါ ဟောန္တု၊
လဒ္ဓဇယာ ပမောဒိကာ ဟောန္တု။
