ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး
ယဉ်ကျေးမှုများအကြား ဆက်သွယ်ပေးသည့်ပေါင်းကူးတံတားအဖြစ် အမွှမ်းတင်ကာ ချီးကျူးခံရလေ့ရှိသော ခရီးသွားလုပ်ငန်းကို ကမ္ဘာ့နိုင်ငံများအတွက် ချစ်ကြည်ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုမြှင့်တင်ရန် အစွမ်းထက်သည့် ကိရိယာတစ်ခုအဖြစ် ကာလရှည်ကြာကပင် အသိအမှတ်ပြုခဲ့ကြသည်။ သဘောထားကွဲလွဲမှုများ၊ ပဋိပက္ခများ၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာတင်းမာမှုများဖြင့် ပြည့်နှက်လျက်ရှိသော ယနေ့ကမ္ဘာကြီးတွင် ခရီးသွားလုပ်ငန်းသည် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးထူထောင်ရေးနှင့် ပိုမိုငြိမ်းချမ်းသော ကမ္ဘာ့အသိုက်အဝန်းတည်ထောင်ရေးတို့အတွက် တစ်မူထူးခြားစွာ ဆက်သွယ်ပေးနိုင်သော လမ်းကြောင်းတစ်ခုဟု ဆိုပါကမှားမည်မဟုတ်ချေ။ သို့ရာတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာအခြေအနေများ စသည့်လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အခင်းအကျင်းများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေကြောင်း သတိပြုရမည်ဖြစ်သည်။
